ဆုံးဖြတ်ချက်မှားမှာကြောက်သူ (Decidophobia)
Decidophobia ရှိသူဟာ သွက်ချာပါဒဝေဒနာရှင်တမျှ ဆုံးဖြတ်ချက်မှားမှာကို ကြောက်သူဖြစ်ပါတယ်။ ကျွန်မတို့အားလုံး ဆုံးဖြတ်ချက်အချို့အတွက် စိုးရိမ်တွေဝေတတ်ကြပါတယ်။ သို့ပေမဲ့ Decidophobia ရှိတဲ့ တစ်စုံတစ်ယောက်ကတော့ နေ့စဉ်နဲ့အမျှ သိပ်အရေးမကြီးတဲ့ ဆုံးဖြတ်ချက်ငယ်တွေကြားမှာတောင် ကြောက်လန့်တုန်လှုပ်နေတတ်ပါတယ်။
လက္ခဏာများ
၁) စိုးရိမ်ကြောင့်ကြခြင်း
ဆုံးဖြတ်ဖို့လိုလာတိုင်း အလွန်အကျွံ စိုးရိမ်ပူပန်နေတတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ ရင်တုန်လာတာ၊ အသက်ရှူကြပ်လာတာ၊ ပျို့ချင်လာတာ၊ ချွေးထွက်တာ၊ လက်တုန်တာ၊ ရင်ဘတ်အောင့်၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။
၂) အချိန်ဆွဲခြင်း
ဆုံးဖြတ်ချက်အမှားကိုချမိပြီး နောက်တမရချင်သူ၊ ဆုံးဖြတ်ချက် လုံးဝမချချင်သူလို့ ဆိုရပါမယ်။ မသေချာမှုတွေနဲ့ တွေဝေနေတတ်ပြီး အခွင့်အလမ်းများစွာ လက်လွတ်ရတဲ့အထိ အချိန်ဆွဲမိတတ်ပါတယ်။
၃) တန်ဖိုးနှိမ်တဲ့ ပင်ကိုစရိုက်
မိမိရဲ့ပင်ကိုစရိုက်နဲ့ လိုအပ်ချက်တွေကို အာရုံစိုက်ရမဲ့အစား တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို အသနားခံတောင်းခံပြီး ဆုံးဖြတ်ချက်ချဖို့ လုပ်တတ်ကြပါတယ်။
၄) အားကိုးခြင်း
မိမိကိုယ်တိုင် ဆုံးဖြတ်ရမှာကို သူတစ်ပါးကအစား ဝင်ဆုံးဖြတ်ပေးရတဲ့ အခြေအနေ ဖန်တီးလေ့ရှိပါတယ်။ သူများရဲ့ အာဏာရှင်ဆန်ဆန် ခြယ်လှယ်မှုကိုပဲ လက်သင့်ခံလိုက်တတ်ကြပါတယ်။
၅) လွန်ကဲသော အကျိုးဆက်များ
ဆုံးဖြတ်ချက်သေးသေးလေးတွေရဲ့ အကျိုးဆက်ကို ချဲ့ကားနေတတ်ပါတယ်။ "ဆုံးဖြတ်ချက်မှန်ပါ့မလား"ဆိုတဲ့အတွေးနဲ့ ဖိစီးမှုတွေများနေတတ်ပါတယ်။
ဘာကြောင့် Decidophobia ဖြစ်ရတာလဲ?
၁။ သင်ယူခံခဲ့ရတဲ့ ပြုမူကျင့်ကြံမှု
သင့်ဘဝရဲ့ အချိန်တော်တော်များများမှာ မိမိအတွက် သူများက ဆုံးဖြတ်ပေးလိုက်ခြင်းဟာ အလွန်တရာ အရေးပါခဲ့တာကို ကြုံပါများလာရင် "ကိုယ်ဟာ ဆုံးဖြတ်စရာမလိုဘူး" ၊ "ကိုယ်ဟာ မဆုံးဖြတ်တတ်ဘူး" ဆိုတဲ့ အသိရလာစေပါတယ်။ ကလေးတစ်ယောက်အနေနဲ့ ဒါကို စိုးရိမ်ကြောင့်ကြစရာအဖြစ် မှတ်ထင်သွားတတ်ပါတယ်။ လူကြီးမိဘမှ မဆုံးဖြတ်ပေးရင် မဖြစ်ဘူးဆိုတာမျိုး အသင်ခံလိုက်ရသလို ဖြစ်သွားတတ်ပါတယ်။
၂။ ပြီးခဲ့သော အတွေ့အကြုံ
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ သင့်ရဲ့ဆုံးဖြတ်ချက်အချို့ဟာ အမှားကြီးမှားခဲ့ဖူးပါတယ်။ ဒီလိုနဲ့ "ငါက အမြဲတမ်း ဆုံးဖြတ်ချက်မှားတွေပဲ လုပ်တတ်တယ်"၊ "ငါ့ကြောင့် အားလုံးရှုပ်ထွေးကုန်တယ်" စသည်ဖြင့် ဖြစ်ဖူး၊ ကြုံဖူးခဲ့ပြီး မဆုံးဖြတ်ရဲတော့တဲ့ ကြောက်လန့်ခြင်း ဖြစ်သွားတက်ပါတယ်။
၃။ မျိုးရိုးဗီဇ
တချို့မိသားစုမှာ စိုးရိမ်ပူပန်တတ်တဲ့ မျိုးရိုးဗီဇကို လက်ဆင့်ကမ်းလာတာလည်း ဖြစ်နိုင်ပါတယ်။
Decidophobia ကို ဘယ်လိုကုသမလဲ?
Cognitive Behavioral therapy
ကြောက်လန့်ခြင်း (Phobia) ကြောင့် ဖြစ်ပေါ်နေတဲ့ ယုတ္တိမရှိတဲ့၊ အန္တရာယ်ပြုနိုင်တဲ့အတွေးတွေကို စိတ်ပညာရှင်နဲ့ အတူတကွ ဆန်းစစ်ရှာဖွေကာ ပိုမိုကျန်းမာတဲ့ အပြုအမူတွေ၊ တွေးပုံတွေးနည်းတွေ ရရှိဖို့အတွက် ကူညီအဖြေရှာပေးမှာ ဖြစ်ပါတယ်။
Exposure Therapy
"ကြောက်ရွံ့လေ ထိပ်တိုက်ရင်ဆိုင်ရလေ"ဆိုတဲ့ သဘောတရားနဲ့ မိမိတို့ရဲ့ ကြောက်ရွံ့စိတ်ကို တွန်းလှန်ရမှာဖြစ်ပါတယ်။ လွယ်ကူတဲ့စိန်ခေါ်မှုတွေကနေ တစ်ဆင့်ပြီး တစ်ဆင့်တက်ကာ စိုးရိမ်ကြောင့်ကြမှုကို ကျော်လွန်တဲ့ ထိရောက်တဲ့ ကုသနည်းဖြစ်ပါတယ်။
Decidophobia ကို ဘယ်လိုရင်ဆိုင်မလဲ?
"မိမိဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်ပါတယ်" လို့ ယုံကြည်ပါ။
မိမိချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာ အဆင်မြေချောမွေ့သွားတဲ့အချိန်တွေကို စာရင်းပြုစုကြည့်ပါ။ ဒါဆိုရင် မိမိကိုယ်ကို ယုံကြည်လာကာ စိုးရိမ်မှုတွေ လျော့နည်းလာပါလိမ့်မယ်။
အတိတ်က ဆုံးဖြတ်ချက်တွေကို ပြန်လေ့လာပါ။
ဥပမာ မိမိလက်ခံလိုက်မိတဲ့ အလုပ်တစ်ခုဟာ ဆိုးဝါးနေတယ်။ ဒါဟာ ငါဆုံးဖြတ်မှားခဲ့တာမဟုတ်ဘူး၊ အရမ်းကောင်းမွန်တယ်လို့ ထင်မှတ်ရတဲ့ အလုပ်ဖြစ်နေခဲ့လို့သာ ငါရွေးချယ်လိုက်တာ ဖြစ်တယ်။ ဘယ်သူမဆို လက်ခံမိမှာပါ စသည့်ဖြင့် တွေးပါ။
ရေးသားသူ - Dr. May Myat Tun